ငြိမ်းချမ်းရေးလမ်းစဉ်ကို
ပျက်ပြားစေသော လုပ်ရပ်မျိုးလုပ်ဆောင်နေသူများကို မလိုလား
EPN
Editorial
အယ်ဒီတာ့အာဘော်၊
သြဂုတ် ၂၆
''ကျွန်တော်
အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက်မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး
ဆွေးနွေးပွဲကိုလာပါ။ တပ်မတော်အနေနဲ့ ကြိုဆို တယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲ''ဟု
တပ်မတော်သတင်းမှန် ပြန်ကြားရေးဥက္ကဋ္ဌက သြဂုတ် ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း
ပွဲ၌ ပြောကြားခဲ့သည်။
လတ်တလော
ဖြစ်ပွားနေသော တပ်မတော်နှင့် မြောက်ပိုင်း ညီနောင်မဟာ မိတ်အဖွဲ့တို့၏ တိုက်ပွဲ အခြေအနေ
နှင့် ပတ်သက်ပြီး ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ သြဂုတ်လ ၁၅ ရက်နေ့က မဟာမိတ်အဖွဲ့များ
ဖြစ်ကြသော AA, TNLA, MNDAA တို့မှ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် နောင်ချိုမြို့နယ်ရှိ
နေရာငါးနေရာတွင် ဝင်ရောက်တိုက်ခိုက် သွားမှုကြောင့် အရပ်သား နှစ်ဦး အပါအဝင် တပ်မတော်သားနှင့်
ရဲတပ်ဖွဲ့ဝင် ဆယ်ဦးထက်အနည်း သေဆုံးပြီး ဒဏ်ရာရရှိသွား သူများလည်း ရှိခဲ့သည်။
အဆိုပါ
ခြုံခိုတိုက်ခိုက်မှုသည် တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းစစ်
ဌာနချုပ်နယ်မြေ ငါးခုတွင် တတိယအကြိမ် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့သည့် ကာလအတွင်းဖြစ်ပွားခဲ့ခြင်းကြောင့်
တပ်မတော်အတွက်လည်း ထိုးစစ်ဆင်ရန် တွန်းအားတစ်ခုလို ဖြစ် သွားစေသလို၊ တစ်ဘက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန်
ညှိနှိုင်းအဖြေရှာနေသည့်အချိန်မှာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ငြိမ်းချမ်းရေးနှင့်
အပစ်ရပ်ရေးစာချုပ် NCA ဆွေးနွေးရေးအတွက် အတိုင်းအ တာတစ်ခု ရပ်တန့်စေခဲ့သည်။ တပ်မတော်ဘက်မှ
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ မှ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ အထိ တစ်ကြိမ်၊ ဇွန်လကုန်ထိ တစ်ကြိမ်နှင့်
တတိယအကြိမ်အဖြစ် သြဂုတ်လကုန်ထိ အပစ်အခတ်ရပ်စဲရေး ကာလကို တိုးမြှင့်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူ စာချုပ်(NCA) တွင် ပါဝင်လက်မှတ် ရေးထိုး နိုင်ခြင်းမရှိသေးသော တိုင်းရင်း
သားအဖွဲ့များပါဝင်လာနိုင်ရေး ညှိနှိုင်းရန်ပြင်ဆင်နေချိန်ဖြစ်သည်။
အဆိုပါ
မြောက်ပိုင်းညီနောင်အဖွဲ့မှ အဖြူရောင်နယ်မြေ ပြင်ဦးလွင်ရှိ တပ်မတော်နည်း ပညာ တက္ကသိုလ်(DSTA)နှင့်
မြို့အဝင်ရှိမူးယစ် ဆေးဝါးစစ်ဆေးရေးဂိတ်၊ နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊
တိုးဂိတ်နှင့် ဂုတ်တွင်းတံတားလုံခြုံရေးကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းသည် အထက်ပါ
ငြိမ်းချမ်းရေးလမ်းစဉ်ကို အောင်မြင်ရေး လုပ်ဆောင်နေခြင်းကို ဟန့်တားစေလိုခြင်းဖြစ်သည်။
မိမိတိုင်းရင်းသားလူမျိုးများနှင့်
၎င်းတို့နေထိုင်ရာ နယ်မြေအတွက် တိုက်ပွဲဝင်နေပါသည်ဟု မည်သို့ပင်ကြွေးကြော် တော်လှန်နေပါသော်လည်း
တိုက်ပွဲကြောင့် ဒုက္ခဆင်းရဲခံစားရသည်မှာ ပြည်သူ များသာဖြစ်သည်။ လက်နက်ကိုင်ချင်း စစ်နွှဲသော
တိုက်ပွဲများကြောင့် စစ်ပွဲမြေစာပင်မှာ ပြည်သူများသာ ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို
ပျက်ပြားစေသော လုပ်ရပ်မျိုးများကို မလုပ်ဆောင်ဘဲ လူထုဘဝကို ထည့်တွက်စဉ်းစားပေးပြီး
ငြိမ်းချမ်းစေမည့်နည်းလမ်းကို သွားကြရန်တိုက်တွန်းလိုသည်။
တပ်မတော်
ဘက်မှ တစ်ဘက်သတ် အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ဆွေးနွေးရန် စိုင်းပြင်းနေချိန်မှာ
ယခုကဲ့သို့သော လုပ်ရပ်မျိုးသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာ ပျက်ပြားစေပြီး မြန်မာပြည်သူများနှင့်
နိုင်ငံတော်၏ အဓိက ဦးတည်ချက်ကြီးဖြစ်သည့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို
မှေးမှိန်သွားစေခဲ့သည်။
ထို့ကြောင့်
တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏
အကျိုးစီးပွားကို ဖျက်ဆီး၊ ယိုယွင်းစေသော လုပ်ဆောင်မှုကိစ္စမှန်သမျှကို ရှောင်ကျဉ်ပြီး
ထာဝရငြိမ်း ချမ်းရေးရရှိကာ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို စုပေါင်းတည်ဆောက်ကြပါရန်
မေတ္တာဖြင့် တိုက်တွန်းဖေါ်ပြလိုက်ပါသည်။
အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally
Peace News Network (EPN)
No comments:
Post a Comment