Search

Thursday, August 22, 2019

နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူး အဂတိလိုက်စားသည်ဟုဆိုကာ တိုင်ကြား



နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူး အဂတိလိုက်စားသည်ဟုဆိုကာ တိုင်ကြား

EPN
မြစ်ကြီးနား၊ သြဂုတ်၂၂

စစ်ကိုင်းတိုင်ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်း သည် ဒေသရှိ ကုမ္ပဏီလုပ်ငန်းများအပေါ် ခွဲခြားဆက်ဆံသော လုပ်ရပ်များရှိသည်ဟု ဆိုကာ အဂတိလိုက်စားတိုက်ဖျက်မှု ကော်မရှင်ရုံးသို့ သြဂုတ်လ (၁၉)ရက်နေ့က တိုင်တန်းထားကြောင်း သိရသည်။

နန်းယွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းသည် တင်ဒါရရှိထားသော ကုမ္ပဏီတစ်ခု၌ ထဲထဲဝင်ဝင် လုပ်ကိုင်နေခြင်း ကြောင့် အခြားသော ကုမ္ပဏီများက လုပ်ငန်းပြီးမြောက်ကြောင်း တင်ပြထားမှုအခြေအ နေများတွင် ကွင်းဆင်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ လှစ်ဟာနေမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားထားသူ ဒေသခံတစ်ဦးက ပြောသည်။

“သူက (မြို့နယ်အုပ်ချုပ်ရေးမှူး) ခုဏပြောတဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ အလုပ်ရှုပ်နေတဲ့အတွက်ကြောင့်မို့ တခြား ကုမ္ပဏီတွေကတင်လာတဲ့ လုပ်ငန်းပြီးမြောက်တဲ့ဟာတွေကို အရည်အသွေး မစစ်ဆေးပေးနိုင်ဘူး။ ပြီးတော့ တခြားကုမ္ပဏီတွေကနေ ရာခိုင်နှုန်းအလိုက်ထုတ်ရမယ့် ငွေတွေကို လက်မှတ်မထိုးပေးနိုင်ဘူး။ အခု ကျတော်တို့ တင်ထားတဲ့ဟာတွေဆို အရမ်းကြာနေပြီ” ဟု ၎င်းက ပြောသည်။

ထို့အပြင် လုပ်ငန်းတင်ဒါအောင်မြင်ထားသော ကုမ္ပဏီတစ်ခုကို ၎င်းကိုယ်တိုင် ဦးစီးလုပ်ကိုင်နေပြီး လက်အောက်ငယ်သား ဝန်ထမ်းများကို စေခိုင်းအသုံးချလျက်ရှိနေကြောင်းနှင့် တိုင်းဒေသကြီးအစိုးရမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးပြုရန်ချပေးသည့် ယန္တရားနှင့်ယာဉ်များကိုလည်း ၎င်း၏ ကုမ္ပဏီလုပ်ငန်းများအတွက် အသုံးပြုနေပြီး အာဏာအလွဲသုံးစား ပြုနေသောကြောင့် တိုင်တန်းထား ခြင်းဖြစ်ကြောင်း ယင်းတိုင်တန်းစာအရ သိရသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းအနေဖြင့် ကုမ္ပဏီလုပ်ငန်းတွင်ဝင်ရောက် လုပ်ကိုင်နေရသောကြောင့် နိုင်ငံ့ဝန်ထမ်း တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ဘဲ နိုင်ငံတာဝန်အပေါ် လစ်ဟင်းမှုများလည်းရှိနေပြီး အချို့ငွေကြေးကောက်ခံရမည့် လုပ်ငန်းများအပေါ်တွင်လည်း ငွေကြေး အပိုဆောင်း ကောက်ခံမှုများ လည်း ရှိနေပြီး ဤသို့သော်လုပ်ရပ်များအပေါ် ထိရောက်စွာ အရေးယူပေးစေလို၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ တိုင်တန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

No comments:

Popular Posts