မြစ်ကြီးနား၌ နှစ်သစ်ကူးအကြိုည မှုခင်းကင်းစင်ခဲ့
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁
၂၀၁၉ခုနှစ်မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းခဲ့သည့် နှစ်သစ်ကူးအကြိုညတွင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မှုခင်းဖြစ်ပွားမှု၊ အမှုကြီးဖြစ်ပွားမှု
မရှိ၊ မှုခင်းကင်းစင်ခဲ့သည်ဟု ဆိုနိုင်ကြောင်း မြစ်ကြီးနားမြို့၊ မြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြစ်ကြီးနားတွင် နှစ်သစ်ကူးအကြိုည၌
လုံခြုံရေးစနစ်တကျ ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ယခုကဲ့သို့ ပြောပြသည်။
''မှုခင်းတွေမဖြစ်ပွားအောင်
၁၂နာရီအထိမှာ ပိတ်ဆို့အဖွဲ့က (၅) ဖွဲ့၊ လှည့်ကင်းအဖွဲ့က (၇)ဖွဲ့၊ ယာဉ်တင်
အဖွဲ့က (၂)ဖွဲ့ စုစုပေါင်း လူဦးရေ (၆၇)ယောက်နဲ့ ည၁၂နာရီအထိဆောင်ရွက်တယ်၊
ည၁၂ နာရီ နောက်ပိုင်းမှာ အရာရှိ (၅)ဦးနှင့် အခြားအဆင့် ၂၄ဦး
စုပေါင်း(၂၉)ဦးနဲ့ ဆောင်ရွက်ခဲ့ပြီးတော့ မနက် သုံးနာရီ နောက်ပိုင်းမှာ
နယ်ထိန်းခေါင်းဆောင်(၃)ဦးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်(၁၈)ဦးနဲ့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ရဲမှူးမြင့်မိုးက ဆိုသည်။
နှစ်သစ်ကူးအကြိုည၌ မှုခင်းဖြစ်ပွားမှု၊ အမှုကြီးဖြစ်ပွားမှု
မရှိခဲ့သော်လည်း မှုးယစ်ရမ်းကားမှု (၂)မှု၊ မှောင်ရိပ်ခိုမှု(၁)မှု၊
ယစ်မှုးမှု(၂)မှုတို့ကိုလည်း ကြိုတင်ကွယ်ကွယ်မှု အဖြစ် အရေးယူ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
“နှစ်သစ်ကူးအကြိုညမှာ အမှုကြီးဖြစ်ပွားမှု မရှိခဲ့ပါဘူး၊ အဲ့ဒီညမှာ
အရေးယူနိုင်ခဲ့တဲ့ ကြိုတင်ကာကွယ်မှု ဆိုတာကလဲ အမှုကြီးတွေဖြစ်မှာဆိုးလို့
ရဲကနေပြီးတော့မှ တရားလိုလုပ်ပြီးတော့မှ မှုးပြီးရမ်းတဲ့လူတွေကို
ရဲအရေးပိုင်အမှု (၄၇)နဲ့ ဖမ်းဆီးထိန်းသိမ်းတာပေါ့။ နောက်ပြီးတော့
လမ်းကြားအမှောင်ထဲမှာ ရောက်နေတဲ့ လူတွေကိုကြတော့လည်း ခိုးမှုလိုမျိုး
ကိစ္စတွေ ကျူးလွန်မှာစိုးလို့ ကြိုတင်ကာကွယ်လိုက်တာပေါ့။
နှစ်သစ်ကူးညဆိုတော့ သောက်တဲ့သူတွေ တော်တော်များတာပေါ့ ဒါကြောင့်
တရားမဝင်အရက်တွေ ရောင်းချတဲ့ သူတွေကိုတော့ ယစ်မူးနဲ့အမှုဖွင့်တာပေါ့''ဟု ရဲမှူးမြင့်မိုးက ဆိုသည်။
ယခု ၂၀၂၀ နှစ်သစ်ကူးအကြိုညတွင် ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးကို စနစ်တကျချထားပြီး မြို့ပေါ်အတွင်း လှည့်ကင်းဆောင်ရွက်ပေးခဲ့သဖြင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှု မရှိ၊ ကြိုတင်ကာကွယ်မှု ၅ခုကိုလည်း ထိန်းသိမ်း အရေးယူနိုင်ခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ၂၀၁၉နှစ်သစ်ကူးအကြိုညတွင်လည်း အမှုကြီးများ ဖြစ်ပွားမှုမရှိကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှ သိရသည်။
လွမ်းအောင်
No comments:
Post a Comment