၂၀၂၀ ရွေးကောက်ပွဲမှာ ကစားသမားကောင်းတွေ စိစစ်ရွေးချယ်ဖို့ လိုအပ်နေတဲ့ NLD
EPN Article
၂၀၁၉ ခုနှစ်ကုန်ပြီး ၂၀၂၀ ဆီကူးပြောင်းလာပါပြီ။ မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲအတွက် ရှေ့ကနေဦးဆောင် ဦးရွက်ထမ်းဆောင်ခဲ့တဲ့ NLD ပါတီအဏာရတာလည်း လေးနှစ်ရှိပါပြီ။ ၂၀၂၀ မှာအထွေထွေရွေးကောက်ပွဲကြီး ပြန်လာပါတော့မယ်။ ၂၀၁၅ ရွေကောက်ပွဲတုန်းက NLD ပါတီဟာပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
အပြောင်းအလဲကို အစစ်အမှန်လိုလားတဲ့ မြန်မာပြည်သူတွေကလည်း
ရှေ့နောက်စဉ်းစားမနေဘဲ NLD ကို သူတို့ရဲ့လက်သန်းတွေကို မင်စွန်းခံပြီး NLD
ပါတီဆီမဲတွေ ပုံအောပေးခဲ့ကြပါတယ်။ အဲဒီအတွက် NLD ဟာ ၂၀၁၅
အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရပြီးနောက် NLD ပါတီကရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတွေရဲ့ တစ်ချို့လုပ်ဆောင် ပြောဆိုမှုတွေကတော့ ပြည်သူတွေကို စိတ်အပျက်ကြီးပျက်စေခဲ့တယ်ဆိုရင် ငြင်းဆိုစရာ အကြောင်းမရှိပါဘူး။
NLD လွှတ်တော်ကိုယ်စားလှယ်တချို
့နဲ့
ဝန်ကြီးတချို့ရဲ့ လုပ်ရပ်တွေကလည်း အမှန်တကယ် ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ NLD အပေါ် အပြည့်အ၀ ယုံကြည်မှုရှိပြီး NLD က လူလုပ်သမျှ
အမှန်ထင်တဲ့အုပ်စုကတော့ ဒီချို့ယွင်းချက်တွေကို မြင်အောင်မကြည့်ကြဘဲ NLD
ကို အထိမခံတဲ့ သဘောမျိုးတွေလည်း တွေ့ရပါတယ်။ နောက်တစ်မျိုးကတော့ NLD ကို
ယုံလည်းယုံတယ် လိုအပ်ချက်တွေ ချို့ယွင်းချက်တွေကို မြင်အောင်ကြည့်တတ်တဲ့
လူမျိုးတွေကတော့ NLD ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေက ကောင်းတယ်။
ရွေးချယ်ထားတဲ့လူတွေရဲ့ အားနည်းချက်နဲ့ နိုင်ငံရေးပါးမဝတာတွေကြောင့် လိုအပ်ချက်တွေ ဖြစ်ပေါ်လာရတယ်လို့ မြင်နေကြတယ်။
NLD ဟာ သူတို့ရဲ့အစိုးရသက်တမ်းအတွင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ထင်ဟပ်အောင်ပြသနိုင်တဲ့ လုပ်ဆောင်ချက်အချို့ရှိပေမယ့်
သိသာထင်ရှားတဲ့ အပြောင်းအလဲများကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ အထူးသဖြင့်
စီးပွားရေးအညွှန်းကိန်းအရ တက်ရိပ်ပြနေပေမယ့် ပြည်တွင်းစီးပွားရေးအခြေအနေနဲ့ ပြည်သူတွေအတွက်တော့ ပိုမိုကျပ်တည်းမှုတွေကိုသာ ကြုံတွေ့နေရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့
အခြေခံပြည်သူတွေရဲ့ ညည်းတွားသံကလည်း ပိုမိုကျယ်လောင်လာပါတယ်။ ဒါ့အပြင်
အစိုးရအဖွဲ့ထဲမှာ စီမံခန့်ခွဲမှုပိုင်း အားနည်းသူတွေကို ဝန်ကြီးတွေ၊
ပြည်ထောင်စုဝန်ကြီး တွေနေရာကို ပေးထားခြင်းကလည်း သက်ဆိုင်ရာနယ်ပယ်
အသီးသီးမှာ အခက်အခဲတွေ ကြုံတွေ့လာရပါတယ်။ ဥပမာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ
အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလကိုတိုးမြှင့်သတ်မှတ်
လိုက်တာမျိုးဟာ လက်တွေ့မကျဘဲ စိတ်ကူးတည့်ရာ လျှောက်လုပ်တဲ့
ပညာရေးကဏ္ဍပြောင်းလဲရေး ဖြစ်နေပါတယ်။ မီဒီယာကဏ္ဍဘက်က ကြည့်ရင်လည်း
အရင်စစ်အစိုးရခေတ်နဲ့ ဦးသိန်းစိန်လက်ထပ်တုန်းက ပုဂ္ဂလိကမဂ္ဂဇင်းတွေ၊
ဂျာနယ်တွေ သူ့အတိုင်းအတာနဲ့သူ မြိုင်မြိုင်ဆိုင် ထွက်ရှိခဲ့ပေမယ့်
စာပေလောကအကြောင်း မီဒီယာအကြောင်း ကျမ်းကြေနေတဲ့ NLD က ခန့်အပ်လိုက်တဲ့
ဝန်ကြီးခေတ်ကို ရောက်မှ မဂ္ဂဇင်း၊ ဂျာနယ်တွေ ရပ်တည်ရေး ပိုမိုခက်ခဲလာပြီး
မြန်မာနိုင်ငံရဲ့ ပုံနှိပ်မီဒီယာကဏ္ဍဟာထန်းလျက်ခဲကို
ပုရွက်ဆိတ် ဝိုင်းစားခံရသလို ဒဏ်ရာအနာတရများစွာနဲ့ လုံးပါးပါးလာနေကြတာကို
တွေ့ရပါတယ်။ နောက်ဆုံးတော့ မဲပေးခဲ့တဲ့ပြည်သူတွေ အနေနဲ့
ပါတီကကောင်းရဲ့သားနဲ့ လူရွေးချယ်စရာ မရှိတာကြောင့်
ခုလိုကျပ်တည်းမှုတွေကြုံရတယ်လို့ပဲ
ဖြေသိမ့်တွေးလေးတွေ တွေးပြီး နောက်လာမယ့် အစိုးရရဲ့ လုပ်ဆောင်မှုတွေက
နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲ
ဆိုတာကိုသာ စောင့်ကြည့်ရုံသာရှိပါတယ်။ ဒါကလည်း ၂၀၂၀
ရွေးကောက်ပွဲမတိုင်ခင်အထိဆိုပါတော့။
ဒီနေရာမှာ လတ်တလောခေတ်စားနေတဲ့ မိုဘိုင်းဂိမ်းတစ်ခုအကြောင်း ပြောချင်ပါတယ်။ ဒီနေ့ခေတ်မှာ Mobile Legend ဆိုတဲ့ ဂိမ်းကို အသက်အရွယ်မရွေး ဂိမ်းဝါသနာပါသူတော်တော်များ
ဆော့နေတာကိုတွေ့ရတယ်။ ကျွန်တော်လည်း ဆော့ကြည့် ဖြစ်တယ်။
ဒီဂိမ်းမှာတွေ့ရတာက အသင်းအဖွဲ့နဲ့ လက်တွဲလုပ်ကိုင်ရတဲ့ ( team work )
ဖြစ်တယ်။ တစ်ယောက်တည်းချွန်ပြီး လုပ်ချင်တိုင်း လုပ်လို့မရဘူး။
အဲဒီလိုချွန်ပြီး လုပ်နိုင်လို့ လုပ်ခွင့်ရ့လို့ လုပ်မယ်ဆိုရင်တောင်
တိုက်ပွဲမှာအနိုင်ရဖို့ မလွယ်ဘူး။ အဲဒါကြောင့် ကိုယ့်အသင်းသားတွေနဲ့
ဟန်ချက်ညီတဲ့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကိုယ်ပိုင်အရည်အချင်း၊ ကျွမ်းကျင်မှု၊
ကူညီဖေးမမှု၊ အချင်းချင်း နားလည်မှုတွေရှိဖို့ လိုပါတယ်။ အသင်းသားတွေထဲမှာ
တစ်ယောက်ထဲချွန်လိုတဲ့သူတွေ၊ ကျွမ်းကျင်မှုမရှိတဲ့သူတွေ၊
ရေသာခို အချောင်လိုက်သူတွေ၊ ဂိမ်းရဲ့သဘောတရားကို နားမလည်သူတွေ၊
နောက်မြီးဆွဲရုံသတ်သတ် အသင်းထဲဝင်ပါနေသူတွေ ရှိနေရင်တော့ အနိုင်မရဖို့က
တစ်ရာရာခိုင်နှုန်းသေချာပါတယ်။
ဒီနေရာမှာ ကျွန်တော်ဂိမ်းတွေအကြောင်း ပြောနေတာက ဂိမ်းဆော့ဖို့ပြောနေတာ
မဟုတ်ပါဘူး။ ဂိမ်းနဲ့တူနေတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှုဘဝနဲ့
ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အခြေ အနေကို ပြောချင်တာပါ။ Mobile Legend မှာ ရန်သူအသင်းကို အနိုင်ရဖို့အတွက် သူတို့ရဲ့ base tower ကိုဖြိုချနိုင်ဖို့လိုပါတယ်။
ရန်သူကလည်း ကိုယ့်ရဲ့ base tower ကို ဖြိုဖို့ ကြိုးစားမှာပဲ။ အဲဒီမှာ
လိမ္မာပါးနပ်တဲ့အသင်း၊ ဗျူဟာကောင်းတဲ့အသင်း၊ ကျွမ်း ကျင်မှုနဲ့ အရည်အချင်း၊
စွမ်းရည်ပိုမိုကောင်းမွန်တဲ့အသင်းကသာ
အောင်ပွဲကိုရမှာပါ။ ကွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း
ထိုနည်းလည်းကောင်းပါပဲ။ မိသားပတ်ဝန်းကျင်လူ့ အဖွဲ့အစည်းနဲ့ ကဏ္ဍပေါင်းစုံက
အသင်းအဖွဲ့တွေအတွက် အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျွမ်းကျင်ရာ ပညာရပ်တွေ၊
အသိအမြင်တွေ၊ လုပ်ရည်ကိုင်ရည်တွေနဲ့ ကိုယ်ရည်ရွယ်ထားတဲ့အောင်ပွဲကို ညီညီညွတ်ညွတ်ရှာဖွေဖို့ အနိုင်ယူတိုက်ခိုက်ဖို့ လိုပါတယ်။
၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်းက တစ်ပါတီအုပ်ချုပ်မှုစနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဆီ သိသိသာသာ ရွေ့လျားလာပါတယ်။ အသစ်ထွက်ပေါ်လာတဲ့ပါတီတွေလည်း
အများကြီးပါပဲ။ အရင်က ပြည်သူတွေအနေနဲ့ ပါတီဆိုရင် စစ်အစိုးရကို
နှစ်ပေါင်းများစွာ အတိုက်အခံလုပ်ခဲ့တဲ့ NLD ပါတီတစ်ခုသာ
ပါတီအဖြစ်အသိအမှတ်ပြုစရာရှိခဲ့တာ ဖြစ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ကထွက်လာတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဟာ NLD ပါတီရဲ့ အဓိပြိုင်ဘက်အဖြစ် အစုအဖွဲ့ကောင်းကောင်းအင်အားကောင်းကောင်းနဲ့ ထွက်ပေါ်လာခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာအပြောင်းအလဲကိုလိုလားတဲ့
ပြည်သူတွေကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ မဲအပြတ် အသတ်နဲ့
ရှုံးနိမ့်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ယှဉ်ပြိုင်ရမှာ
ပြည်ခိုင်ဖြိုးပါတီတစ်ခုထဲ မဟုတ်တော့ ပါဘူး။ အရောင်ပါတီတွေဖြစ်တဲ့
ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီကနေ သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့ ပထုတ်ခြင်းခံလိုက်ရတဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့
နောက်ဆုံး ထွက်ပေါ်လာတဲ့ NLD လူဟောင်း ဒေါ်သက်သက်ခိုင်ရဲ့
ပြည်သူ့ရှေ့ဆောင်ပါတီတွေဟာ NLD ရဲ့ အဓိကပြိုင်ဘက် ပါတီတွေအဖြစ်
နိုင်ငံရေးကစားကွင်းထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင်
မွန်တိုင်းရင်းသားပါတီများစုပေါင်းမှု၊ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ပူးပေါင်းစုဖွဲ့မှုဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာလက်ရှိအာဏာရပါတီ NLD ကို အခက်အခဲ ပေါင်းများစွာ တွေ့စေမှာ အမှန်ပါပဲ။
တကယ်တော့ ပြည်သူတွေအပေါ်လွှမ်းမိုးထားတဲ့ NLD ပါတီရဲ့ နိုင်ငံရေးသြဇာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ တခြား
NLD အသင်းဝင်တွေရဲ့ တစ်သီးပုဂ္ဂလ အခြေအနေနဲ့ ပြည်သူတွေအပေါ်
နိုင်ငံရေးသြဇာညောင်းမှုက မရှိသလောက်ကို ရှားပါတယ်။ NLD အစိုးရအပေါ်
ပြည်သူတွေရဲ့ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်သွားတဲ့
ခရီးစဉ်တိုင်းကို ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုနေကြတာက
သိသာထင်ရှားစေပါတယ်။ အထူးသဖြင့် NLD အနေနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲ
ရယ်လို့ ပြောစမှတ်တွင်လောက်အောင် လုပ်ပြနိုင်ခြင်းမရှိသေးတာကြောင့် နိုင်ငံရေးသြဇာကျဆင်းနေပြီး အေးစက်စက်ဖြစ်နေချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဦးဆောင်ပြီး
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ကိစ္စကို သည်ဟိဂ်မြို့အထိ သွားရောက်ပြီး
လျှောက်လဲချက်ပေးရာမှာ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာပြည်သူတွေက
ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။ ဒီအခြေအနေက အေးစက်နေတဲ့ NLD ရဲ့ပုံရိပ်ကို
ပြန်လည်မြင့်တက်စေခဲ့ပြီး အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။
ဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်လွှမ်းမိုးမှုက NLD အတွက် အခွင့်အရေးတစ်ခုဖြစ်စေမှာတော့
သေချာပါတယ်။ ဒါပေမယ့် NLD အနေနဲ့ ပါတီကိုယ်စားပြုမဲ့
လူပုဂ္ဂိုလ်ရွေးချယ်မှု အပိုင်းမှာတော့ ၂၀၁၅ တုန်းကထက် အဆပေါင်းများစွာ
ပိုမိုဂရုစိုက်ရပါလိမ့်မယ်။
အပေါ်မှာပြောခဲ့တဲ့ ဂိမ်းကစားနည်းလိုပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅
ရွေးကောက်ပွဲတုန်းက ပြည်သူတွေက NLD ကို သောင်ပြိုကမ်းပြို အနိုင်ရအောင်
မဲပေးခဲ့ကြပါတယ်။ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ မဲပေးခဲ့ကြတာပါ။
အံစာဂိမ်းကစားသလို ပွင့်ချင်ရာ အပွင့်ပွင့်ပါစေ။ မြွေကိုက်ကိုက်၊
လှေခါးထစ်ပေါ်တက်တက် ဖြစ်ချင်ရာဖြစ် မဲပေးခဲ့တာ မဟုတ်ပါဘူး။ အပြောင်းအလဲတွေ
အများကြီးလုပ်ပေးနိုင်လိမ့်မယ်ဆိုတဲ့
စိတ်နဲ့ NLD ဆိုတဲ့အသင်းတစ်သင်းကို အပြည့်အ၀ ယုံကြည်စွာနဲ့
မဲပေးခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ဂိမ်းဆော့နေတာကလည်း " အာကာသ နန်းတော်၊
အနောက်ဖက်လွင်ပြင်" စတဲ့ ဂိမ်းဆော့ဖ်ဝဲထဲက မြေပုံတွေပေါ်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမြေပုံကြီးပေါ်မှာဖြစ်ပါတယ်။ အဲဒီအချက်ကို မေ့ထားလို့ မရပါဘူး။ ခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အားပေးမှုကို လိုချင်တယ်ဆိုရင်တော့ NLD
အနေနဲ့ Leadership Skill, Team Work ကောင်းကောင်းနဲ့ ဆော့ကစားတာကို
ပြည်သူတွေ မြင်တွေ့ဖို့ လိုပါတယ်။ ကစားပွဲထဲဝင်ပြီး အရည်အချင်းမရှိ၊
သတ္တိဗျတ္တိမရှိ၊ အနိုင်ရလိုစိတ်မရှိ၊ စိတ်ကောင်းစေတနာမရှိ၊ အသင်း
အဖွဲ့စိတ်မရှိတဲ့ ကိုယ်ကျိုးရှာသမားတွေ၊ ရေသာခိုအချောင်သမားတွေကိုကစားသမားတွေအဖြစ်
မရွေးချယ်ဘဲ တကယ် အရည်အချင်း ရှိပြီး စိတ်ရင်းစေတနာမှန်မှန်နဲ့
အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေကို ရွေးချယ်သွားဖို့ လိုအပ်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ပိုမိုပြီး Team Work ကောင်းတဲ့အသင်းက NLD ရဲ့ Base
Tower ကို ဖြိုချဖျက်ဆီးသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တော်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း နိုင်ငံတော်ကြီး တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ
မလွယ်ကူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်တွေ၊ စိတ်ကူးတွေကို
အကောင်းဆုံးကူညီ ပုံဖော်ပေးနိုင်မယ့် ကစားသမားကောင်းတွေ NLD အတွက်
လိုအပ်နေပါတယ်။
ဆောင်းပါး - ဇက်အေ
ဓါတ်ပုံ- အင်တာနက်
No comments:
Post a Comment