Search

Tuesday, March 31, 2020

နေရပ်ပြန်လိုသည့် ကုမ္ပဏီ ဝန်ထမ်းနှင့်လုပ်သားများ လုပ်ခလစာကိစ္စ ဖြေရှင်းရာ အဆင်ပြေမှု မရရှိသေး

နေရပ်ပြန်လိုသည့် ကုမ္ပဏီ ဝန်ထမ်းနှင့်လုပ်သားများ လုပ်ခလစာကိစ္စ ဖြေရှင်းရာ အဆင်ပြေမှု မရရှိသေး
 

EPN
ဖားကန့်၊ မတ် ၃၁



ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ထွန်းတောက်ဇဗ္ဗူ ကျောက်မျက်ကုမ္ပဏီမှ ဝန်ထမ်း၊ လုပ်သားများသည် နေရပ်ပြန်လိုသဖြင့် လုပ်ခ၊ လစာများ ဖြေရှင်းရာ အဆင်ပြေမှု မရရှိသေးဘဲ၊ ဧပြီလ (၁)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှသာ ထပ်မံတွေ့ဆုံဆွေး နွေးသွားမည်ဟု ယင်းအလုပ်သမားများထံမှ သိရသည်။



အဆိုပါကုမ္ပဏီသည် ဆိပ်မူကျေးရွာအုပ်စု၊ စကေါ့ကျေးရွာအနီးတွင် တည်ရှိပြီး၊ ၎င်းကုမ္ပဏီမှ စက်မောင်း၊ ကျောက်ရှာ၊ အထွေထွေလုပ်သား (၃၀၀)နီးပါးခန့်သည် လုပ်ခ၊ လစာ ဖြေရှင်းပေးစေရန် အတွက် ယနေ့ မတ်လ (၃၁)ရက်နေ့ နေ့လည်ပိုင်းအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်၍ ယခုလို တင်ပြတောင်းဆိုခဲ့ကြသည်။


"လုပ်ခ၊ လစာများ ရှင်းလင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိ ဖြစ်ပွါးနေတဲ့ COVID-19 ကူးစက်မြန်ရောဂါပိုးနဲ့ ပတ်သတ်ပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အတွက် မိမိဒေသတွေဆီကို ပြန်ဖို့ လုပ်ခ၊ လစာတွေ ရှင်းပေးဖို့ တောင်းဆိုခဲ့တာပါ"ဟု အဆိုပါ အလုပ်သမားတစ်ဦးမှ ရှင်းလင်းပြောပြသည်။


ယခုလို အလုပ်သမားများ တောင်းဆိုခဲ့ရာတွင် သက်ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူမှ ပြေလည်စွာ ဖြေရှင်းပေးစေချင်သော်လည်း လုပ်ခ၊ လစာပြသာနာအား ဖြေရှင်းမပေးဘဲ ကြိုက်သည့်နေရာ သွားရောက်တိုင်တန်းနိုင်သည်ဟု ပြောလာသည့်အတွက် ယခုလို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ဖားကန့်)သို့ ရောက်ရှိလာခဲ့ရသည်ဟု ၎င်းမှ ထပ်မံပြောကြားသည်။


အဆိုပါ အလုပ်ရှင်၊ အလုပ်သမား လုပ်ခ၊ လစာ ကိစ္စရပ်များအား ဖြေရှင်းရန် မြို့နယ်စီမံခန့်ခွဲမှုေ ကာ်မတီအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ဖြေရှင်းပေးရေးအဖွဲ့များမှ ယနေ့နေ့လည်ပိုင်းအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားများကိုယ်စား တက်ရောက်သူများမှ လုပ်အားခ ချန်ထားငွေရရှိရန်နှင့် နှစ်ထမ်းကြေးများရရှိလိုကြောင်း တင်ပြခဲ့ရာ ကုမ္ပဏီအနေဖြင့် ယခုဖြေရှင်းပေးနိုင်သေးမည် မဟုတ်ကြောင်း ဧပြီလ အကုန်ကျမှသာလျှင် လုပ်ခ၊ လစာ များအား ဖြေရှင်းပေးနိုင်ပါမည်ဟု ထွန်းတောက်ဇဗ္ဗူ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ တာဝန်ရှိသူမှ ပြောသည်။


ယင်းအလုပ်ရှင်၊ အလုပ်သမား လုပ်ခ၊ လစာ ပြသာနာအား ယနေ့နေ့လယ်ပိုင်းအချိန်ထိ ဖြေရှင်းရာ အဆင်ပြေမှု မရရှိသဖြင့် မနက်ဖြန် ဧပြီလ(၁)ရက် နံနက်(၁၀း၀၀)နာရီ အချိန်တွင် ထပ်မံဆွေးနွေးကြမည် ဖြစ်သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့တန်းအမှတ်(၉)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးမှ ရဲမှူးကြီး သန်းထိုက်စိုး တက်ရောက် ပါဝင်ခဲ့ပြီး လက်ရှိ အလုပ်သမားများ အဆင်ပြေစေရန်နှင့် လုံခြုံ စိတ်ချမှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။


ယနေ့ အလုပ်ရှင်၊ အလုပ်သမားဆွေးနွေးပွဲတွင် ရဲမှူ းကြီး သန်းထိုက်စိုး၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊အလုပ်ရှင်၊အလုပ်သမား ပဋိပက္ခ ဖြေရှင်းပေးမည့် အဖွဲ့များ ပါဝင်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် လုပ်ခ၊ လစာဖြေရှင်းပေးရန် တောင်းဆိုနေကြသည့် အလုပ်သမားများသည် နေ့လည်(၃း၀၀) နာရီ အချိန်ခန့်တွင် သက်ဆိုင်ရာ ထွန်းတောက်ဇဗ္ဗူ ကျောက်မျက်ကုမ္ပဏီသို့ ပြန်သွားခဲ့ကြပြီး မနက်ဖြန် ဧပြီလ (၁)ရက် နံနက်(၁၀း၀၀)နာရီ အချိန်ခန့်တွင် ပြန်လည် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။


နောင်ရိုး

No comments:

Popular Posts