စာသင်ချိန်တိုးမြှင့် သတ်မှတ်ခြင်းနှင့် အစမ်းသပ်ခံပညာရေး
EPN Article
ဆောင်းပါး၊ ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနေပြည်တော်က ၂၀၁၉ ဒီဇင် ဘာ ၂၀ ရက်တွင် ကျောင်းတွင်းစာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လအတွင်းစစ်ဆေးရမည် ဟု ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်ထဲတွင် Grade - 5 နှင့် Grade – 9 စာမေးပွဲများ ကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက်အတွင်းကျင်းပရန်၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကို ၂၀၂၀ မတ် ၁၁ ရက်မှ မတ် ၂၀ အတွင်းကျင်းပရန်၊ ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲများကို ၂၀၂၀ မတ် ၂၃ မှ မတ် ၃၁ အတွင်း (စနေနှင့် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှအပ) ကျင်းပရမည်ဟု ဖော်ပြထား သည်။ ယင်းထုတ်ပြန်ချက်အရ အခြေခံပညာကျောင်းသားကျောင်းသူများသည် မတ်လကုန်သည်အထိကျောင်း တက်ရတော့မည် ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများက မဖြစ် သင့်ကြောင်း အကျိုးသင့် အကြောင်းသင့် သက်ဆိုင်ရာသို့ တင်ပြခဲ့ကြသည်။ သို့သော်လည်း သက်ဆိုင်ရာက မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်ခဲ့သလို မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ စီစဉ်ဆောင်ရွက်ခဲ့သည်ကိုလည်း တိတိကျကျ ထုတ်ပြန်ထားခဲ့ခြင်း မရှိပေ။
မီဒီယာများကလည်း ၂၀၂၀ ဇန်နဝါရီ ၂ ရက်က နေပြည်တော် နယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကို မေးမြန်းခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးက “ ဆရာဆရာမတွေ ကျောင်းကို မတ် ၃၁ ရက်နေ့အထိ လုပ်ပေးတယ်။ အဓိက နံပါတ်တစ်ကဘာလဲ။ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိဘတွေ အလုပ်ကို ကြိုးစားပြီး လုပ်ဖို့လိုတယ်။ သူ့ရဲ့ကလေးက ကျောင်းအစောကြီး ပိတ်မယ်ဆိုရင် ကလေးတွေကို ထိန်းဖို့အတွက် သူသည် အလုပ်တစ်ဖက်နဲ့ဆိုရင် ခက်ပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က မိဘတွေကို သူတို့တွေရဲ့ အလုပ်ထဲမှာ အလုပ်ကို အောင်မြင်အောင် အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ငန်းတွေကိုေ အာင်မြင်အောင် လုပ်စေလိုပါတယ်” ဟုပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အခြေခံပညာကျောင်းများ စာသင်ချိန်ကာလတိုးမြှင့် လိုက်သည့် ရည်ရွယ်ချက်ကို ကြားသိပြီးနောက်ပိုင်း ပညာရေးလောကတွင် ဆူညံပွက်လောရိုက်ကုန်သည်။ ဆရာဆရာမ၊ မိဘပြည်သူများ၊ ပညာရေးလေ့လာသူများအားလုံး အုံကြွလာပြီးတစ်ဦးချင်း သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်း ကောင်းကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ ဆရာမများ အဖွဲ့ချုပ်က “အခြေခံပညာကျောင်းများ၏ ပညာသင်ကာလအား မတ်လကုန်အထိ သတ်မှတ်ခြင်းအပေါ် ပြင်ဆင်မှု မပြုလုပ်ပါကအစိုးရ၏ ၂ဝ၂ဝ ရွေးကောက်ပွဲအား ကူညီလုပ်ဆောင်ခြင်း မပြုလုပ်ဘဲ ဆန့်ကျင်မည်” ဟု သဘောထားထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ဖဲကြိုးစိမ်း လှုပ်ရှားမှုကို လုပ်ဆောင်ပြီး စာသင်ချိန်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ယနေ့အထိ ဖဲကြိုးစိမ်း လှုပ်ရှားမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများကို ဆောင်ရွက်နေကြသော်လည်း ပညာရေးဝန်ကြီးဌာနဘက်မှ ဖြူသည် မည်းသည် တုံ့ပြန်မှု တစ်စုံတစ်ရာကို မရရှိသေးပေ။
တကယ်တမ်းတွင် လက်ရှိရေးဆွဲထားသော သင်ရိုးသစ်သင်ခန်းစာများသည် သီတင်းပတ် ခြောက်ပတ် စာ ဖေဖော်ဝါရီလကုန်အထိသာ ရေးဆွဲထားခြင်းဖြစ်ပြီး မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်လိုက်ရုံနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရည်ကို ထူးခြားစွာတိုးတက်လာစေမည် မဟုတ်ပေ။ ပညာရေးဝန်ကြီးဌာန သည် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများကို လျစ်လျူရှုကာ အောက်ခြေ၏ သဘောထားဆန္ဒ မပါဝင်ဘဲ အတင်းအဓမ္မပြု စာသင်ကာလတိုးမြှင့်မှုပြုခြင်းသည် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်ရာရောက်ပြီး ရွေးကောက်ခံအစိုးရ၏ ပုံရိပ်ကိုလည်း ကျဆင်းစေသည်။ ထို့အပြင် စာသင်ချိန် ကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောစကားများသည် အခြေ အမြစ် မရှိရုံသာမက ဆရာဆရာမများကိုပါ စော်ကားရာ ရောက်နေသည်။
ကျောင်းဖွင့်ကာလကို မတ်လကုန်အထိ သတ်မှတ်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အခြေခံပညာ ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်က ထိုသို့ဆောင်ရွက်ခြင်းမှာ မူဝါဒရေးရာ လမ်းညွှန်သည့် နိုင်ငံခေါင်းဆောင်များက ညွှန်ကြားခြင်းဖြစ်သည့်အတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ သို့သော် မည်သည့် ပုဂ္ဂိုလ်က ပြောဆိုခဲ့သည်ဟူ၍မူ အသေအချာ ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး အစိုးရဘာလုပ် လုပ် ထောက်ခံနေသူများကလည်း ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသာများကို အပြစ်ပင် ဆိုလိုက်ကြ သေးသည်။ ပညာရေးဆိုင်ရာမူဝါဒများကို ပညာရေးနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်၍ နိုင်ငံတကာအတွေ့အကြုံများကို အခြေခံကာ အချိန်ယူရေးဆွဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်ဦးတစ်ယောက်တည်းအပေါ် အလွန်အကျွံ မှီခိုအားထားမှုနှင့် အာဏာရှိသူများအကြိုက် မင်းလိုလိုက် မင်းကြိုက်ဆောင်သည့် ''မင်းမြှောင်''များ၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသည် ဒုက္ခနွံတွင်း သက်ဆင်းရမည့် အခြေအနေများသို့ ဆိုက်ရောက်ရခြင်းများရှိခဲ့သည်။ သင်ခန်းစာအဖြစ် ရယူကြဖို့လိုသည်။ ပညာရေးဆိုင်ရာ မူဝါဒများ ပြောင်းလဲဖော်ဆောင်ရာတွင် မြေစမ်းခရမ်းပျိုးသည့်သဘောဖြင့် လူငယ်များအား အစမ်းသပ်ခံများ အဖြစ် သဘောမထားသင့်ပေ။
ထိုကိစ္စနှင့်စပ်လျဉ်းပြီး အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (JCBHE) ကလည်း မြန်မာ့ရေမြေ သဘာဝတောတောင် အခြေအနေနှင့် ပြည်သူလူထုတို့၏ရုန်းကန် လှုပ်ရှားနေရသည့် အချိန်ကာလကို ထည့်သွင်းစဉ်းစားထားခြင်းမရှိဘဲ အနောက်တိုင်း ရာသီဥတုအပေါ်အခြေခံထားသည့် သင်ရိုး ညွှန်းတမ်းများကို ပုံတူကူးဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပညာရေး ဝန်ကြီးဌာန၏ မိဘပြည်သူလူထုတစ်ရပ်လုံး၏ သဘောထား၊ ဆရာဆရာမများ၏ သဘောထားကို အလျှင်း ဂရုပြု ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အာဏာရှင်ဆန်စွာ မတရားသော အမိန့်၊ ညွှန်ကြားချက်များကို ချမှတ် အကောင်အထည် ဖော်ဆောင်နေခြင်းကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ် ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာနမှ အခြေခံပညာကျောင်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းနှင့် မတ်လအတွင်း စာမေးပွဲများ ကျင်းပခြင်း၊ ကျောင်းတွင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲပြီးမှ စစ်ဆေးရန် စီစဉ်ဆောင်ရွက်မှုကြောင့် အခြေခံ ပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများတွင် အခက်အခဲများစွာ ရင်ဆိုင်ရဖွယ်ရှိသကဲ့သို့ အခြေခံပညာကဏ္ဍ၌လည်း ဝေဖန်မှုများ မြင့်တက်လာနေသည်ကို တွေ့ရှိရကြောင်း၊ အခြေခံပညာကဏ္ဍရှိ ပညာရေးဝန်ထမ်းများအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွင်း လုပ်ငန်းတာဝန်များ များပြားနေသည့်အပြင် ပညာရေးဌာနမှ စာသင်ချိန်တိုးခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းများကို ပြင်ဆင်ပြောင်းလဲမှုများ မပြုလုပ်ပေးပါကလည်း နိုင်ငံ့ ဝန်ထမ်းများဖြစ်သဖြင့်မ ည်သည့်အခက်အခဲများရှိနေသည်ဖြစ်စေ ကျေပွန်အောင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်တွင် လိုက်နာကျင့်သုံးရန် မဖြစ်နိုင်သော အမိန့် ညွှန်ကြားစာ များကို အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်မှုများကြောင့် ပြန်လည်ပြင်ဆင်ချက်များကိုလည်း အကြိမ်ကြိမ် ထုတ်ပြန်နေရသည်ကိုလည်း အထူးသတိချပ်စေချင်ကြောင်း ဖော်ပြထားသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ပညာရေးဝန်ကြီးဌာန၏ ပညာရေးကဏ္ဍတွင် အပြောင်းအလဲ လုပ်ဆောင်မှု များကို လက်ခံသင့်သလောက် လက်ခံပါသည်။ ထိုအပြောင်းအလဲများသည် နိုင်ငံ၏ အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် စိတ်ကူးတည့်ရာ အပြောင်းအလဲများ မဖြစ်ဖို့ လိုပါသည်။ ရှေ့က အုပ်ချုပ်သွားသည့် အစိုးရ လုပ်ခဲ့သည်များနှင့် မတူညီအောင် လုပ်ပြမည် ပုံးစံမျိုးနှင့် ပြောင်းလဲမှုကိုတော့ ကျွန်တော်တို့ ပြည်သူများ က မလိုလားပေ။ ပညာရေးကဏ္ဍတွင် အခြားသော ပြောင်းလဲမှုများကို မကြည့်ပါနှင့်ဦး။ ယခုထုတ် ပြန်လိုက် သော စာသင်ကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်နှင့် ရည်ရွယ်ချက်သည်ပင်လျှင် တော်တော် အဆင်မပြေဖြစ်နေသည်။ ကလေးကစားသလို လုပ်နေ၍ မရပေ။ “ငါတို့ဘာလုပ်လုပ် ပြည်သူက ထောက်ခံမှာ ပဲ” ဟူသော ဘဝင်မြင့်စိတ်များ၊ အတ္တ၊ မာန်၊ မာနများကိုလည်း ဖယ်ခွာထားသင့်သည်။ စနစ်တစ်ခု အပြောင်း အလဲလုပ်ရာတွင် ကြိုတင်ပြင်ဆင်မှုနှင့် မြေပြင်အခက်အခဲများအား သုတေသနပြုမှုအားနည်းလျှင် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြီးမားသောအခက်အခဲ၊ အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်သူများ၏ သဘောဆန္ဒကို လစ်လျူရှုထားလို့ မရပေ။ အစိုးရက ပြည်သူကို လစ် လျူရှုလျှင် ပြည်သူကလည်း အစိုးရကို လစ်လျူရှုကြပေလိမ့်မည်။
အချုပ်ဆိုရလျှင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အပိုဒ် ၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်ဟူ သော အချက်ကို ထောက်ထား၍လည်းကောင်း၊ အခန်း(၅) ပုဒ်မ ၂၃၂ (ဇ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတကို တာဝန်ခံရမည်ဟူသော ဥပဒေပါအချက်များကို အဆင့်ဆင့်သုံးသပ်ပါက အများပြည်သူ လူထုဆန္ဒကို အစိုးရက ပြည်သူလူထုထံ အစီရင်ခံရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မိဘ ပြည်သူလူထုနှင့်ကလေးများအတွက် လက်တွေ့မဆန်သော စိတ်ကူးယဉ်ပညာရေး အကောင်အထည်ဖော်မှုများ ကို ပြုလုပ်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအား လက်တည့်စမ်းနေခြင်းများမပြုလုပ်သင့်ပေ။ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၏ စာသင်ကာလတိုးမြှင့်ခြင်းနှင့် စာမေးပွဲကာလ သတ်မှတ်ခြင်း များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် လုံလောက်သည့် သုတေသနပြုမှုနှင့် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းနှင့် အထောက်အပံ့များကို ဖြည့်ဆည်း ပြုပြင်ပြီးမှသာ ဆက်လက် ဆောင်ရွက်သင့်၊ မသင့်ကို ဆုံးဖြတ်သင့်ပါသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ပညာရေးကို ဘာတစ်ခုမျှ အကျိုးမပြုဘဲ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများကို ဒုက္ခ အခက်အခဲတွေ့စေမည့် စာသင်ချိန်ကာလ တိုးမြှင့်သတ်မှတ်ခြင်း မပြုလုပ်သင့်ကြောင်း ရေးသားလိုက်ရပါ သည်။
ရဲရင့်နှင်းဆီ
No comments:
Post a Comment