Search

Sunday, June 28, 2020

မြစ်ကြီးနားတက္ကသိုလ်နှင့် ပညာရေးကောလိပ်သို့ SPIC ကုမ္ပဏီမှ လှူဒါန်းထားသည့် ပိုလျှံ စားသောက်ကုန်များ အခြား Quarantine Centre များသို့ ပြန်လည်မျှဝေသွားမည်

မြစ်ကြီးနားတက္ကသိုလ်နှင့် ပညာရေးကောလိပ်သို့ SPIC ကုမ္ပဏီမှ လှူဒါန်းထားသည့် ပိုလျှံ စားသောက်ကုန်များ အခြား Quarantine Centre များသို့ ပြန်လည်မျှဝေသွားမည်



EPN
မြစ်ကြီးနား၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က မြစ်ကြီးနားတက္ကသိုလ်နှင့် ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူများ အတွက် SPIC ကုမ္ပဏီက လှူဒါန်ထားသည့် ပိုလျှံ စားသောက်ကုန်များကို အခြား Quarantine Centre များသို့ ပြန်လည်မျှဝေ ထောက်ပံ့သွားမည်ဟု မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။


လက်ရှိတွင် ယင်း Quarantine Centerနှစ်ခုလုံး၌ Quarantine Center တစ်ခုလျှင် လူဦးရေ အနည်းငယ်ခန့်သာ ကျန်ရှိတော့သည် ဖြစ်၍ SPIC ကုမ္ပဏီမှ လာရောက်လှူဒါန်းထားသည်မှ ပိုလျှံသည့် စားသောက်ကုန် ပစ္စည်းများကို အခြား Quarantine Centerများတွင် ပြန်လည်မျှဝေသွားမည် ဖြစ်ကြောင်း မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

“သူတို့က လူဦးရေငါးရာစာအတွက် လှူဒါန်းတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီကွာရန်တင်း စင်တာတွေမှာက လူဦးရေက ၃၇၂ဦး ပဲရှိတော့တယ် ဒါကြောင့် ဒါတွေကိုတစ်ဖက်က ဂေါရခါး လူမျိုးတွေရဲ့ဘုရားကျောင်း တွေမှာရှိတဲ့ ကွာရန်တင်းစင်တာ တွေမှာ ပြန်ပြီးတော့မှ ထောက်ပံ့ လှူဒါန်းဖို့ရှိတယ်။”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ကို COVID -19 ကာလတွင် SPICကုမ္ပဏီအနေဖြင့် ကွာရန်တင်း စင်တာများ၊ ဂေဟာများတွင် ထောက်ပံ့လှူဒါန်းပေးသည့်အတွက် များစွာ အထောက်အပံ့ဖြစ်ကြောင်း ကိုလည်း မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသန်းဝင်းက ထည့်သွင်း ပြောဆိုခဲ့သည်။

SPIC ကုမ္ပဏီမှ ဇွန်လ ၂၄ ရက်နေ့တွင် မြစ်ကြီးနားတက္ကသိုလ်ရှိ Quarantine Center နှင့် မြစ်ကြီးနား ပညာရေးကောလိပ် Quarantine Center များ အတွက် ဆန်အိတ်(၅၀၀)၊ ခေါက်ဆွဲ အထုတ်ရေ(၂၀၀၀)၊ ကြက်ဥအလုံးရေ (၁၅၀၀၀)တိတိကို လူဦးရေ(၅၀၀) စာ အတွက် သွားရောက် ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး ယင်း Center များ မှ ပိုလျှံစားသောက်ကုန်များကို အခြား Quarantine Center သို့ ပြန်လည်ဝေငှ ထောက်ပံ့သွားဖြစ်ကြောင်း သိရသည်။

အလားတူ SPIC ကုမ္ပဏီအနေနှင့် ဇွန်လ (၂၃) ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က မိဘမဲ့ဂေဟာ သုံးခုအပါအဝင် အခြေခံမူလတန်း ကျောင်းတစ်ခုအတွက် တရုတ်နိုင်ငံ ခွေမင်ရှိ SPIC ကုမ္ပဏီ ဌာနချုပ်မှ တရုတ်ဝန်ထမ်းများ၏ လစာငွေထဲက စုပေါင်းထည့်ဝင်ထားသော ငွေကျပ်သိန်း(၆၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် SPIC ကုမ္ပဏီ အနေ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ပိုးတွေ့ရှိချိန်မှ စ၍ မြစ်ကြီးနားမြို့ ပေါ်ရှိ အစိုးရဌာနဆိုင်ရာများ အတွက် နှာခေါင်းစည်း၊ လက်ဆေးရည်နှင့် ပိုးသတ်ဆေးများ လှူဒါန်းခြင်း၊ မြစ်ကြီးနားလေဆိပ်၊ ဘာသာရေးကျောင်းများ စသည်တို့တည် နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာများ၊ ပိုးသတ်ဆေးများ လှူဒါန်းခြင်း၊ မိဘမဲ့ဂေဟာများ အတွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ နှာခေါင်းစည်းများ လှူဒါန်းခြင်းနှင့် လက်ဆေးရည်များ လှူဒါန်းခြင်းအပြင် ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွမ်းအောင်

No comments:

Popular Posts