Search

Tuesday, March 31, 2020

စာရေးဆရာ အကြီးကိုကိုကသာ၏ (အိတ်ဖွင့်ပေးစာ)

""ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်""



သို့/
၁။ ဦးတီခွန်မြတ်(ပြည်သူ့လွှတ်တော် ဥက္ကဌ)။
၂။ ဦးမန်းဝင်းခိုင်သန်း(အမျိုးသားလွှတ်တော်ဥက္ကဌ)။
၃။ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)။
၄။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိှုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)။
၅။ တစ်နိုင်ငံလုံးရှိရောင်စုံနိုင်ငံရေးပါတီဥက္ကဌများ။
၆။ ပြည်သူလူထုများ။
Covid-19 ကြောင့် တစ်ကမ္ဘာလုံး ဝရုန်းသုန်းကားနဲ့ဖြစ်နေပါတယ်။မြန်မာနိုင်ငံမှာလည်း အတူတူပါပဲ။ကဲ ခုတော့တွေ့ပြီဗိုင်းရပ်စ်။ဒီဗိုင်းရပ်က မီးလောင်သလို ဝိုင်းငြိမ်းလို့လည်းရတာ မဟုတ်ဘူး။ကမ္ဘာမှာစဖြစ်ကတည်းက အချိန်ဘယ်လောက်ရလည်းစဉ်းစားကြည့်ရအောင်။လုပ်သင့်တာထက်အားလျှော့နေတယ်လို့ထင်မြင်မိပါတယ်။ငါ့နိုင်ငံထဲရောက်လာရင် ဘာတွေလုပ်မယ်၊ဘယ်လိုလုပ်မယ်ဆိုပြီး ထိထိရောက်ရောက် ကြိုတင်(ကြိုတင်)ပြင်ဆင်ထားသင့်ပါတယ်။ဒါကလည်း စာရေးသူ ဖက်က ဆန္ဒစောနေသလားတော့ မပြောတတ်ပါ။
သူများတိုင်းပြည်ကို အလုပ်သွားလုပ်တဲ့ ပြည်တော်ပြန်ကိစ္စ ကြိုတင်ပြင်ဆင်မှုအားနည်းလွန်းပါတယ်။အခုတော့ နိုင်ငံအတွင်းမှာမရှူနိုင်မကယ်နိုင်ဖြစ်လာမှာ စိုးရိမ်မိပါတယ်။ပြည်တော်ပြန်ကြိုဆိုရေးဂိတ်တွေမှာသာ စနစ်တကျရှိခဲ့ရင်၊လေဆိပ်တိုင်း၊ကားဂိတ်တိုင်းမှာသာစနစ်တကျရှိခဲ့ရင် အခုအချိန်မှာ ရောဂါရှိသူနဲ့ပြည်သူထိတွေ့ခွင့်နည်းသွားနိုင်ပါတယ်။
အခုအချိန်မှာ Covid-19ကိုအကြောင်းပြုပြီး မြန်မာပြည်ကြီးစည်းလုံးကြဖို့ပြောချင်ပါတယ်။Covid-19ကို အမြတ်ထုတ်လို့ရပါတယ်။ဒါကတော့ စည်းလုံးဖို့နဲ့ ငြိမ်းချမ်းကြဖို့ပါပဲ။
မြန်မာ့လွှတ်တော်နှစ်ရပ်လုံးကလည်း နုတ်လုံလွန်းနေတယ်လို့မြင်ပါတယ်။Covid-19 က လွှတ်တော်ကြီးက ငြိမ်လွန်းလျှင်လည်း နိုင်ငံသူ၊သားတွေကိုအန္တရာယ်ရှိစေနိုင်တယ်လို့ မြင်မိပါတယ်။အင်္ဂလန်နိုင်ငံမှာ ဘာဖြစ်နေသလဲဆိုတာ လှည့်ကြည့်စေချင်ပါတယ်။ဒီထက်ပိုပြီးလှုပ်ရှားကြဖို့လွှတ်တော်ဥက္ကဌကြီးနှစ်ပါးကို အမှာပါးလိုပါတယ်။

ပြီးတော့ အစိုးရနဲ့/NLD ပါတီ။လုပ်ပိုင်ခွင့်နဲ့အာဏာအပြည့်ရှိနေတဲ့အချိန်ပါဗျာ။ဆေရုံဆေးခန်းကလိုအပ်ချက်ကို လုံလောက်အောင်ချက်ချင်းဖြည့်ဆည်းနိုင်ပါတယ်ဗျ။ပစ္စည်းတင်ပို့နိုင်တဲ့နိုင်ငံကိုဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ နောက်တစ်နေ့မှာ ကုန်ပစ္စည်းတင်လေယာဉ်နဲ့ချက်ချင်းရောက်လာမယ့်ကိစ္စပါ။အခုအချိန်မှာ ကျန်းမာရေးဘတ်ဂျက်ကလွဲပြီး ဘာဘတ်ဂျက်မှ လုပ်မနေပါနဲ့။ကျန်းမာရေးအသုံးစရိတ်ဘတ်ဂျက်ကို ပြည့်ပြည့်ဝဝ သုံးစွဲဖို့ အကြံပြုလိုပါတယ်။အခုပြည်သူတွေရဲ့ယုံကြည်မှုကို အပြည့်အဝရပြီးသားဖြစ်နေတဲ့ NLD အစိုးရဟာ နောက်ထပ်ပြည်သူ့အသည်းပေါင်း၊မဲပေါင်းများစွာဟာ အတိုင်းအဆမရှိဖြစ်လာမှာကို တစ်ထစ်ချယုံကြည်ပါတယ်ဗျ။
ထပ်ပြီးပြောချင်သေးတာက မြန်မာ့တပ်မတော်။သူလည်း အစိုးရနီးပါးလုပ်ပိုင်ခွင့်ရနေတဲ့အဖွဲ့အစည်းတစ်ခုပါပဲ။ရှေ့ကလူတွေရဲ့အလွဲကြောင့် အမုန်းခံနေရတဲ့အထဲမှာ အခုလက်ရှိတပ်မတော်မပါဘူးကွ ဆိုပြီး ပြဖို့ အခွင့်အရေးကောင်းပါပဲ။ကာချုပ်အနေနဲ့ ရုရှား လိုနိုင်ငံမျိုးကို ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့နောက်တစ်နေ့မှာ ဆေးရုံသုံးလိုအပ်တဲ့ပစ္စည်းတင်ထားတဲ့ ကုန်တင်လေယာဉ်တွေ ဝေါကနဲ ဝေါကနဲ ဆိုက်လာနိုင်တယ်လို့ ယုံကြည်ပါတယ်ဗျ။ပြည်သူတွေရဲ့ စိုးရိမ်ကြောက်လန့်မှုတွေကိုဖြေဖျောက်ပေးနိုင်တဲ့ ကျန်စစ်မင်းကြီးလိုကာချုပ်ကြီးအဖြစ် မြင်ချင်ပါတယ်ဗျာ။
နောက်တစ်ခုက ကြံ့ခိုင်ရေး။သူလည်းစင်ပြိုင်ပါတီလေ။အစိုးရပြီးရင်အင်အားအတောင့်တင်းဆုံးအဖွဲ့ပါပဲ။ခုချိန်မှာပြည်သူလူထုရဲ့အဓိက လိုအပ်ချက်ကို အနီးစပ်ဆုံးရှေ့ကမားမားမတ်မတ်ထွက်ရပ်ရင် ပြည်သူရဲ့မေတ္တာတရားကိုရနိုင်တာပါပဲဗျာ။ဆေးရုံဆေးခန်းက လိုအပ်ချက်တွေကို ကြ့ံခိုင်ရေးကဖြည့်ဆည်းပေးတယ်ဆိုရင် ပြည်သူတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်ပြီးသားပေါ့။မိတ်ဖက်ပါတီတွေနဲ့လက်တွဲပြီးရှေ့ကိုထွက်ရပ်ပေးပါလား။ဒါဆို ကြ့ံခိုင်ရေးပါတီနဲ့မိတ်ဖက်များဟာ ပြည်သူ့အသည်းကြားက မဲတစ်ပြားကို ပိုင်ပြီဆိုတာ ပြောရဲပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ပြည်သူပေါ့။ကိုယ့်ဖက်ကလည်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကညွှန်ကြားချက်ကိုကိုတစ်သွေမတိမ်းလိုက်နာပေးဖို့လိုပါတယ်။ကိုယ့်အသက်ထက် ဘာမှတန်ဖိုးမရှိပါဘူး။မသေသေးရင် လုပ်ချင်တာလုပ်လို့ရပါတယ်၊စားချင်တာစားလို့ရပါတယ်။သွားချင်တဲ့နေရာ သွားလို့ရပါတယ်။ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံကို ဘယ်မှမသွားခြင်းမျိုးနဲ့ကျေးဇူးဆပ်လို့ရပါတယ်။ကိုယ့်ဘာသာ၊ကိုယ့်လူမျိုးနဲ့ကိုယ်နိုင်ငံကိုချစ်တယ်ဆိုပါရင် Covid-19 ရောဂါကပ်ဆိုးကြီးပြီးဆုံးသည်အထိ အိမ်ပြင်မထွက်ခြင်းဖြင့် ကူညီပေးကြပါလို့တောင်းဆိုခွင့်ပြုပါ။ဒါမှလည်း ကမ္ဘာ့မြေပုံပေါ်ကနေ မြန်မာ့မြေပုံမပျောက်မှာပေါ့ဗျာ။
ဒါပေမယ့်လည်းအဲဒီလို တစ်ဖွဲ့ချင်းလုပ်နေမယ့်အစား
"တစ်ဦးဆောင်သော်မရ၊တစ်သောင်းဆောင်သော်ရ၏။"ဆိုစကားကဲ့သို့ပင် ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့အတိုင်း
""ဇွန်ပန်းရုံအနီး၊
နွံထဲ၌ လှည်းဘီးကျွံနေသည်၊
ကူ၍တွန်းပေးကြပါ၊
လေးလွန်း၍မတွန်းနိုင်ဘူးလား၊
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။""ဆိုတဲ့ စာသားလေးတွေအတိုင်း၊အစိုးရ(NLDပါတီ)၊မြန်မာ့တပ်မတော်၊ကြံ့ခိုင်ရေးပါတီနဲ့နိုင်ငံတစ်ဝှမ်းလုံးကပါတီတွေအပြင် ပြည်သူတွေပါ ပြိုင်တူတွန်းကြဖို့လိုကြောင်းပြောချင်ပါတယ်။
တရုတ်ပြည်၊ဝူဟန်ဘာဖြစ်သွားလည်းကြည့်ပါ။သင်ခန်းစာယူဖို့မဟုတ်ပါ။သင်ခန်းစာယူတယ်ဆိုရင်(၅၄)သန်းက မျိုးပြုတ်သွားလိမ့်မယ်။အစိုးရကို မုန်း၍ပြောခြင်းမဟုတ်ပါ။ချစ်၍ပြောခြင်းသာဖြစ်ပါတယ်။အကယ်၍ ကိုယ့်အဖွဲ့ကို ကိုယ်ချစ်နေလို့ ဝင်ဆဲနေမယ်ဆိုရင်လည်းဆဲနိုင်ပါတယ်။အဲဒီအဆဲကို စာရေးသူ မယူပါ၊သင့်အဆဲပစ္စည်းကို သင်တို့ဖာသာ ပြန်ယူသွားကြပါ။
တစ်ခုတော့ထပ်ပြောချင်ပါတယ်။
""ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။""
အကြီးကိုကို၊ကသာ
(30/3/2020)တနင်္လာနေ့၊မြစ်ကြီးနား၊(07:07)pm။
စာရေးသူ၏ အမြင်ကိုတင်ပြခြင်းသာဖြစ်ပါသည်။ အမုန်းတရားလုံးဝမရှိပါခင်ဗျား။


မှတ်ချက် - ယခု Post သည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

No comments:

Popular Posts